Yangonese!
One More Click!
Dec 26, 2012
Dec 7, 2012
Reform is needed
အပြင်မှာ အော်နေကြတာမို့ လိုက်အော်တာ မဟုတ်ပါဘူး။ ကျွန်တော်လုပ်မယ့် Reform က ဘလော့ဂ်လေးကို သေချာ ပြန်ရေးချင်လို့ပါ
Nov 13, 2012
Oct 12, 2012
Yangonese! in Dawei
အမှတ်မထင်ဘဲ "မရွယ်ဘဲ မင်းဖြစ်" ဆိုတဲ့ စကားပုံလို ကြိုတင်စီစဉ်ထားတာ မရှိပါဘဲ ထားဝယ်သွားဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ ၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာ ရန်ကုန်မြို့ အောင်မင်္ဂလာ ကားဂိတ်ကနေ "ကောင်းသစ်စံ" ရန်ကုန် - ထားဝယ် - မြိတ် ကားကို စီးပြီး ထားဝယ်ကို ၁၀ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ ၁၅ လောက်မှာ ရောက်လာခဲ့တယ်။
လမ်းခရီးအတွေ့အကြုံကိုတော့ သပ်သပ် ပို့စ်တစ်ခု ရေးပါဦးမယ်။ လောလောဆယ်တော့ ခုပေးနေတဲ့ သင်တန်းမှာ နမူနာပြတဲ့ အနေနဲ့ အမှတ်တရ ဓာတ်ပုံအချို့ကိုပဲ တင်ပါဦးမယ်။
လမ်းခရီးအတွေ့အကြုံကိုတော့ သပ်သပ် ပို့စ်တစ်ခု ရေးပါဦးမယ်။ လောလောဆယ်တော့ ခုပေးနေတဲ့ သင်တန်းမှာ နမူနာပြတဲ့ အနေနဲ့ အမှတ်တရ ဓာတ်ပုံအချို့ကိုပဲ တင်ပါဦးမယ်။
![]() |
| ထားဝယ်မြို့ လမ်းမတစ်နေရာ |
![]() |
| တည်းခိုခန်းရှေ့မှာ |
![]() |
| ဆုတောင်းပြည့်မြစေတီ ရင်ပြင်ပေါ်မှာ |
Oct 2, 2012
ရင်ခုန်နှင်းဆီ
ကျောင်းတော်က နှင်းဆီ
တက္ကသိုလ်ရဲ့ မိန်းလမ်းမကြီးပေါ်မှာ မိန်းကလေးတစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လာနေပါတယ် ။ သူ့နောက်က နေမင်းကတော့ ဖျဖျကလေးလင်းပေါ့ ။ လျှောက်လာသူ မိန်းကလေးရဲ့ မျက်ဝန်းတွေလောက်မှ မတောက်ပနိုင်တာမို့ သိမ်ငယ်ပေရော့ နေမင်းရေ ... ။
လေပြည်တွေတောင် လမ်းပေါ်က သစ်ရွက်ခြောက်တွေကို ဆွဲခေါ်သွားပြီး ပင်လယ်ကဗွီးပင်တန်းတွေကြား မကြားတကြားနဲ့ ရယ်နေလေရဲ့ ။ နောက်တော့ သူပဲ မိန်းကလေးရဲ့ နက်မှောင်ဆံနွယ်တွေကို မထိတထိစပြီး ထွက်ပြေးတယ် ။
ကောင်မလေးက လေနှော့သွားတဲ့ သူ့ဆံပင်ဖျားကို ညာဘက်နားရွက်ကလေးအပေါ် တစ်ချက် သပ်တင် လိုက်တယ် ။ အဲဒီမှာ ...
နီတျာ နှုတ်ခမ်းပါး - တစ်စုံ
ဖြောင့်စင်းနှာတံ - တစ်ခု
ကော့နက်မျက်ဝန်း - တစ်စုံ
ဝင်းမွတ်ပါးပြင် - တစ်ဖက်
ဖြောင့်စင်းနှာတံ - တစ်ခု
ကော့နက်မျက်ဝန်း - တစ်စုံ
ဝင်းမွတ်ပါးပြင် - တစ်ဖက်
အထက်ပါပစ္စည်းအစုစုကို အချိုးညီညီ ပေါင်းစပ်ထားတဲ့ သူ့ရဲ့ အလှတစ်စွန်းတစ်စကို ရုတ်တရက် တွေ့မြင် လိုက်ရတာပါပဲ ။
သိဝီမင်းကြီးပေါ်က ဆင်ကျ ... အဲလေ ... ဆင်ပေါ်က သိဝီမင်းကြီးပြုတ်ကျတယ်ဆိုတာ ဒီလိုအလှမျိုး ။
အဲဒါ ကျနော်တို့ ကျောင်းတော်ကြီးရဲ့ မနှင်းဆီပေါ့ ။
နှင်းဆီကောက်ကြောင်း
ကျောင်းတော်ကြီးမှာ မနှင်းဆီရဲ့အကြောင်းကို လူပြောများကြတယ် ။ ဒါပေမဲ့ ဖုံးဖုံးဖိဖိပါပဲ ။ သိပ်ကောင်းတဲ့ နိုင်ငံရေးဟာသတစ်ခုလို အချင်းချင်းလက်တို့ပြီးတော့ပဲ ပြောကြတယ် ။
မနှင်းဆီဟာ သိပ်လှတယ် ။ သိပ် ချစ်စရာကောင်းတယ် ။ ဒီတော့ ဒီပန်းကိုမှ နမ်းချင်တဲ့လေပြည်တွေ အနားမှာ ဝေ့ကာဝဲကာနဲ့ပေါ့ ။ အဲသလိုပဲ မနှင်းဆီဟာလည်း လေယူရာတိမ်းတဲ့ ပန်းကလေးလို့ နာမည်ကြီးပါရဲ့ ။
ဒါပေမဲ့ ဘယ်လေပွေနဲ့မှ ကြွေလွင့်ထွက်သွားမယ့် နှင်းဆီမျိုး မဟုတ်ပြန်ဘူး ။ တိုက်မိတဲ့လေပွေသာ လေရူးလို့ သမုတ်ခံရပြီး ကျန်ခဲ့ရတတ်တယ် ။ ဒီလိုနဲ့ ...
သူငယ်ချင်းတွေက သူ့ကို မိနှင်းဆီ လို့ခေါ်တယ် ။ နာကျင်ခဲ့ဖူးတဲ့လေပွေတွေကတော့ မီးနှင်းဆီ တဲ့ ။
ကျနော်ကတော့ နာမည်တစ်ခုနဲ့ သူ့ကိုခေါ်မိတယ် ။
... ရင်ခုန်နှင်းဆီ ...
ဟုတ်တယ် ။ သူတစ်ပါးကို တော်တော်ရင်ခုန်စေတဲ့ နှင်းဆီလေးပေါ့ ။
အဲဒီလိုပဲ ကျနော့ ဒိုင်ယာရီစာအုပ်ထဲမှာ ရေးထည့်ထားဖြစ်တယ် ။
ကျနော်နဲ့နှင်းဆီ
နှင်းဆီ ...
မင့်အတွက် ပွင့်လွှာတွေပြင်ပြီးရင်
ငါ့အတွက် ဆူးတွေကို
ငါ ချွန်မယ် ... ။
မင့်အတွက် ပွင့်လွှာတွေပြင်ပြီးရင်
ငါ့အတွက် ဆူးတွေကို
ငါ ချွန်မယ် ... ။
လူတစ်ယောက်နဲ့ တစ်ယောက် ရင်ခုန်နှုန်းတွေ မတူညီကြပါဘူး ။ တစ်ချို့က ရင်ခုန်နှုန်းမြန်တယ် ။ သွက်လို့ လက်လို့ ။ တစ်ချို့ အေးတိအေးစက် ။ ရင်ခုန်နှုန်း နှေးတယ် ။
ကျနော်ကတော့ မသေရုံတမယ်ပဲ ရင်ခုန်နေခဲ့ရတာပါ မနှင်းဆီရယ် ... ။
ကျောင်းတော်ကြီးရဲ့ အညတရကျောင်းသားလေးတစ်ယောက်အနေနဲ့ မနှင်းဆီကို မဝံ့မရဲလေးပေါ့ ။ ဒါပေမဲ့ ကျနော် ကံကောင်းခဲ့တယ်နော် ။
ကျောင်းနံရံကပ်စာစောင်မှာ ကျနော်ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကြောင့် မနှင်းဆီက လာမိတ်ဖွဲ့တယ်လေ ။
မနှင်းဆီအနား ကပ်ခွင့်ရဖို့ကြိုးစားနေကြတဲ့လူတွေအကြား ဒါဟာ မနာလိုစရာပေါ့ ။ မနှင်းဆီက ပဉ္ဓလက် ဆန်ဆန် ကျနော့ဆီ တိမ်းညွှတ်လာခဲ့တာကိုး ။
ကျနော်ကတော့ ဘာသိဘာသာရယ်ပါ မနှင်းဆီ ။ တကယ်လည်း ဒါဟာ ဧကရီဘုရင်မတစ်ပါးကို ဘုန်းတော်ဘွဲ့ ကဗျာ ဆက်သွင်းခဲ့လို့ သူကောင်းပြုခံရတာမျိုး မဟုတ်လား ။
အင်း ... ဒီလောက်တော့ ရှိပေမပေါ့ ။
ကျနော့ နှင်းဆီဒိုင်ယာရီ
မိန်းကလေးတစ်ယောက်ကို ချစ်ရတာ
ရင်ကော့ခေါင်းမော့ပြီး
သေနတ်ပြောင်းရှေ့ ဝင်ရပ်ရသလိုပဲ ...
ရင်ကော့ခေါင်းမော့ပြီး
သေနတ်ပြောင်းရှေ့ ဝင်ရပ်ရသလိုပဲ ...
ဟုတ်တယ် ။ သူ ဘာလုပ်မယ် ကိုယ်မသိဘူး ။ မနှင်းဆီနဲ့ကျတော့ ကျနော် မသိရဲဘူးဗျာ ။
မနှင်းဆီက ယောက်ျားလေးတွေကို အရူးလုပ်တတ်တဲ့ ကဝေပျိုမလေးလို့ လူတွေပြောကြတယ် ။ ကျနော် ကြောက်လို့မဟုတ်ပါဘူး ။ အချစ်ကို အရူးလုပ်မခံချင်လို့ပါ ။
မနှင်းဆီကို စတွေ့မိကတည်းက စွဲစွဲလန်းလန်း ဖြစ်ခဲ့မိပါတယ် ။ နောက်တော့ ဒါကိုပဲ စိတ်ထဲမှာ ထုံပွားရင်း မြတ်နိုးလာခဲ့မိတယ် ။
ချစ်တယ် ခင်တယ် ဆိုတာ ကျနော့အတွက် အဆန်းတကြယ်ပဲ ရှိပါသေးတယ် မနှင်းဆီ ... ။
နှင်းဆီ စာမျက်နှာအချို့
ဘယ်ကဘယ်လိုအားကို ဆွဲဆောင်သိမ်းသွင်းလို့ မနှင်းဆီကို ဖွင့်ဟပြောရမလဲ ။ ကျနော်လို အညတရက လေးလေးနက်နက် စဉ်းစားခဲ့ဖူးတယ် ။ ဒါပေမဲ့ စိတ်နောက်ကိုယ်မပါတဲ့ ခရီးစဉ်တွေများခဲ့ပေါ့ ။
ဒီလိုနဲ့ စိတ်ကူးထဲမှာတောင် ဖဲခိုးရိုက်နေရတဲ့ဘဝကို အသားကျနေခဲ့ပြီး တစ်နေ့ကျတော့ မနှင်းဆီက ဒဏ္ဍာရီဆန်ဆန် မိတ်လာဖွဲ့ပြန်တယ် ။
... တို့ သွေးနဲ့ရေးတဲ့ နှင်းဆီ ဆိုတဲ့ကဗျာလေးကို ကြိုက်တယ် ... တဲ့ ။ နောက်ထပ် ကဗျာလေးတွေကိုလည်း အားပေးပါရစေ ... တဲ့ ။ ကျနော် ပြုံးပြနေလိုက်တယ် ။
အပြုံးဟာ အလွယ်ကူဆုံးဘာသာစကားပဲ မနှင်းဆီ ။
ဒီအပြင် ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ ကျနော် ရှာမတွေ့ခဲ့ဘူး ။
အဲဒီနောက် ကျနော်ဟာ မနှင်းဆီရဲ့ တရားဝင် ယောက်ျားလေးသူငယ်ချင်း ပေါ့ ။ ဒါပေမဲ့ ရာထူးရှိပြီး လုပ်ပိုင်ခွင့် မရှိတဲ့လူလို မျက်နှာထွက်ထွက်ပြရတာပဲ အဖတ်တင်တယ် ။ နောက်ပြီး ကျနော်က မျက်နှာသာပေး ရွှေရေးပန်းကန်တက် ဆိုတဲ့ လူစားမျိုးလည်း မဟုတ်ပြန်တော့ ပြီးပြီပေါ့ ။
ဒီလိုနဲ့ ကျောင်းတော်ကြီးမှာ မနှင်းဆီကလည်း နေမြဲ ၊ ကျနော်ကလည်း နေမြဲ ။ ကြေကွဲနေလို့လည်း ထူးမှ မထူးတာ ။
နှင်းဆီ ခြောက်တဲ့တစ်နေ့
ဒီလိုနဲ့ ကျနော်ဟာ ကျနော့လူမသိ သူမသိဒိုင်ယာရီလေးကိုသာ မှန်မှန် ရေးသားလာခဲ့တယ် ။ သိပ်မြတ်နိုးတဲ့ မနှင်းဆီရဲ့ အချစ်ကို ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် သည်းသည်းထန်ထန်မျှော်လင့်မိတဲ့ တစ်ညအထိပေါ့ ။
အဲဒီနေ့မနက်က မနှင်းဆီဟာ သူ့ရဲ့ ဘယ်နှစ်ယောက်မြောက်မှန်း မသိတဲ့ လေပွေနဲ့ ကျနော့ကို လာ နှုတ်ဆက်တယ် ။ ကျနော် သိသလောက် ဒါဟာ လေးကောင်မြောက်ဖြစ်မယ့် လေရူးပဲ ။
ကျနော် ပြုံးနေလိုက်တယ် ။ ကျနော် ပြောပြီးပါပကော ။ အပြုံးဟာ အလွယ်ကူဆုံးဘာသာစကားပဲလို့ ။
ဒါပေမဲ့ ...
ဒါပေမဲ့ ...
မနှင်းဆီရေ အဲဒီညက ကျနော့အညတရ နှလုံးသားဟာ မိုးကြိုးတစ်ထောင်ခသလို နာကျင်စပ်ဖျဉ်းခဲ့ပေါ့ ။ အရင့်အရင်က မကြည့် မမြင် မသိထားခဲ့တာတွေ ခု ... ရေစုန်မျောပြီ ။
နှလုံးသားကို ဘယ်မှိုင်းပယောဂမှ မပါဘဲ အသိတစ်ခုရောက်လာခဲ့ ... ငါ့ရင်ခုန်နှင်းဆီလေး လက်ပြောင်းလက်လွှဲများတာ ငါမကြိုက် ... ငါ ဘာလုပ်ရမလဲ ... ငါ ဘာလုပ်ရမလဲ ... တကိုယ်လုံး နာကျင်ဝေခွဲမရနိုင်လွန်းလို့ အရုပ်ကြိုးပြတ်ကျ ... လောကဟာ တိတ်ဆိတ်မည်းမှောင်သွား ....နောက်တော့ ... ဒဏ်ရာတွေနဲ့ ကျနော် ပြန်လူးလဲထလာတယ် မနှင်းဆီ ... ... ... ။
နှင်းဆီနိဂုံး
ငါ့သစ္စာတရားနဲ့ပဲ ငါ့ကို ပြန်ထိုးစိုက်ချင် စိုက်ခဲ့နိုင်ပါစေ ကျိန်ဝံ့ပေါ့ ...
ငါလေ ...
ငါ့လောက် မချစ်နိုင်တဲ့သူတွေ မြင်ပြင်းကပ်လောက်အောင် ချစ်ခဲ့တယ်
ငါလေ ...
ငါ့လောက် မချစ်နိုင်တဲ့သူတွေ မြင်ပြင်းကပ်လောက်အောင် ချစ်ခဲ့တယ်
ဒါပေမဲ့ မနှင်းဆီ ... မင်းဟာ ငါ့အချစ်ကို အပြည့်အဝနားလည်နိုင်တယ်လို့ ယူဆမိတဲ့နေ့တစ်နေ့အထိ ငါဟာ ဘာကိုမှမပြောဘဲ ရင်နာရင်နင့်စွာနဲ့ သိမ်းဆည်းထားလိုက်တော့မယ် ။
ကောင်းကင်တစ်ခုစာ ကြေကွဲစေဦး မိန်းကလေးရယ် ။ ငါ ခံစားမယ် ။ ငါ ကြေကွဲမယ် ။
ဟူး ... ... .... ။ ။
(လွန်ခဲ့တဲ့ သုံးလေးနှစ်က ပို့စ်အဟောင်းလေးပါ။ ဒီရက်ပိုင်း စာပြန်ရေးချင်စိတ်လေး ပေါက်နေတာနဲ့ ကိုယ်ကိုယ့်ကိုယ် အားမွေးရင်း ပြန်တင်ဖြစ်ပါတယ်)
Jul 29, 2012
လက်ပစ်ဘော
ဒီနေ့ည MRTV-4 ကလာတဲ့ လန်ဒန်အိုလံပစ် တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွေကို ကြည့်တော့ မြန်မာ့ အားကစားလောကမှာ နည်းနည်း စိမ်းနေဦးမယ့် အားကစားနည်း တစ်မျိုးကို တွေ့တယ်။
သူရဲ့ ကစားပုံ ကစားနည်းကို အစွဲပြုပြီး နာမည်ပေးရရင်တော့ “လက်ပစ်ဘော”လို့ ခေါ်ရမှာပါပဲ။
![]() |
| Handball London 2012 Olympic Photo Courtesy by london2012.com |
ရုံတွင်း အားကစားနည်း တစ်မျိုးဖြစ်ပြီး ကွင်းက ဖူဆယ်ကွင်းနဲ့ ဆင်ပါတယ်။ တစ်သင်းကို ဂိုးသမား အပါအဝင် တစ်ဖက် ခုနစ်ယောက် ဆော့ရပါတယ်။ ကစားပုံကစားနည်းကတော့ ခြင်းလုံးသာသာ လောက်ရှိတဲ့ (သားရေ) ဘောလုံးလေးကို ကစားသမားတွေက လက်နဲ့ အပေးအယူလုပ်ပြီး တစ်ဖက်အသင်း ဂိုးပေါက်ထဲကို (ပစ်ထည့်) ဂိုးသွင်းဖို့ ကြိုးစားရတာပါ။
လက်နဲ့ အပေးအယူ လုပ်တယ်ဆိုပေမဲ့ ဘတ်စကတ်ဘော နဲ့လည်း မတူပါဘူး။ တစ်ချက်ထောက် ပုတ်တာလောက်က လွဲရင် ကျန်တာက ဟိုပစ်လိုက် ဒီပစ်လိုက် ပေးနေရတာပါ။ ပြီးတော့ တစ်ဖက်အသင်းက တိုက်စစ်ဆင်လာတဲ့အခါ ကိုယ့်အသင်းဘက်ခြမ်း ခံစစ်ဇုန်ထဲကနေပဲ ခုခံကာကွယ်ခွင့် ရှိပုံ ရပါတယ်။ (ခံစစ်ဇုန်ကနေ ရှေ့ထွက်ပြီး လူကပ်တာမျိုး၊ လုတာမျိုး မတွေ့ရလို့ပါ။ အဲ … အတွင်းထဲ ဝင်လာရင်တော့ ဝိုင်း အမဲဖျက်ကြတာပေါ့)
အသင်းရဲ့ ခံစစ်ဇုန် ဧရိယာကို မျဉ်းဖြတ်ကလေးနဲ့ စက်ဝန်းကွေးပုံစံ သတ်မှတ်ပေး ထားတာကို တွေ့ရပါတယ်။ အလားတူ ဂိုးဧရိယာရယ်၊ ပင်နယ်တီသွင်းဖို့ နေရာရယ် သတ်မှတ်ပေး ထားတာကိုလည်း တွေ့ရပါတယ်။
xxx xxx xxx xxx xxx xxx
ဒီနေရာမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆတ်ဘလတ္တာ အပါအဝင် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတွေ ခေါင်းဆောင်တွေက ဘောလုံးပွဲတွေမှာ ဂိုးတွေ များများသွင်းပြီး ပရိသတ်ကို ဖျော်ဖြေပေးနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းနေတာကို သွားသတိရပါတယ်။
ဒါကြောင့်မို့လည်း ခြေထောက်နဲ့ ကန်သွင်းတာက လိမ်ရခေါက်ရနဲ့ ရှုပ်ပါတယ်ကွာ ဆိုပြီး လက်နဲ့ကို တစ်ဒိုင်းဒိုင်း ပစ်ထည့်ခိုင်းတဲ့ ဒီကစားနည်းကို အားပေးအားမြှောက်ပြုပုံ ရပါတယ်။
(တကယ်လည်း အမှန်ပဲ။ ကျွန်တော် ကြည့်နေတဲ့ ဆယ်မိနစ်လောက်မှာတင် တစ်ဖက်နဲ့တစ်ဖက် ရှစ်ဂိုးလောက် အပြန်အလှန် ရှူးကြတာ)
ခုဆို ဒီ “လက်ပစ်ဘော” ကစားနည်းက အိုလံပစ်အဆင့်ကို ရောက်နေပြီလေ။ ဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ၊ နည်းစနစ်တွေလည်း အခိုင်အမာ ရေးဆွဲပြီး အဆင့်ပေါ့။
xxx xxx xxx xxx xxx xxx
အရင်ကတည်းက ဒီကစားနည်း အကြောင်းကို အားကစား ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးပါတယ်။ ဘေဂျင်း အိုလံပစ်တုန်းကလည်း ကြည့်ခဲ့ဖူးတယ် ထင်တာပဲ။ ဒါပေမဲ့ ဘာသိဘာသာပါ။
ဒီညမှ တခြားကြည့်စရာလည်း မရှိတာနဲ့ အဲဒီ “လက်ပစ်ဘော” ပွဲကို စိတ်ပါလက်ပါ ထိုင်ကြည့်လိုက်မိတော့ ငယ်ငယ်တုန်းက ကျောင်းမှာ သူငယ်ချင်းအချင်းချင်း လွယ်အိတ်၊ စာအုပ် ဒါမှမဟုတ် မုန့်၊ ထမင်းချိုင့် စသည်ကို လုပြီး ပြေးခဲ့တာလေး၊ ပြီးတော့ ဟိုလူ့လက်ဆင့်ကမ်း ဒီလူ့လက်ဆင့်ကမ်းနဲ့ ဝိုင်းစခဲ့ကြတာလေး ပြန်အမှတ်ရမိတယ်။
ဒါမျိုးက အတိုင်အဖော်ညီရင် တယ် စလို့ကောင်းတာ။ အဲလိုပဲ ကစားပွဲမှာလည်း တစ်ယောက်အထာ တစ်ယောက်နပ်တဲ့အခါ သိပ်ကြည့်ကောင်းတာပဲ။
ဘာပဲပြောပြော ဆော့ကြည့်ချင်စမ်းတယ်။
(စာကြွင်း - မနေ့ညက နာလန်ထမှာ လန်ဒန် အိုလံပစ်ဖွင့်ပွဲ တိုက်ရိုက်ပြတာကို ကြည့်ရင်း ကစားသမား ခြောက်ဦးပဲပါတဲ့ ကိုယ့်နိုင်ငံအသင်း ကွင်းထဲဝင်လာတာကို အရူးအမူး စောင့်ကြည့်ဖြစ်တယ်။ ပြီးတော့ ဝမ်းနည်းအားငယ် မချင့်မရဲ ဖြစ်နေမိတယ်။ ဒီလိုပွဲကြီးမျိုးကို အားကျတဲ့စိတ်လည်း ဝင်လာမိပြန်တယ်။
ကိုယ့်ထက် နည်းတဲ့ နိုင်ငံတွေ ရှိနေသေးပေမဲ့လည်း ကိုယ်တွေဆီက အားကစားသမားတွေ အများကြီး သွားပြိုင်နိုင် စေချင်တယ်။ ဖြစ်နိုင်ရင် ကိုယ်ကိုယ်တိုင်တောင် တစ်ခုခုမှာ ဝင်နွှဲလိုက်ချင်သေး။
ဒါပေမဲ့ ကျွန်တော်တို့ဟာ အားကစားသမား ဖြစ်လာဖို့အနေသာ ကျောင်းတုန်းက (PT ချိန်) အားကစားချိန် ဆိုတာကိုတောင် ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြတ်သန်းလာခဲ့ရတာကို ဝမ်းနည်း နှမြောတသရင်း ဒီစာကို ရေးဖြစ်ပါတယ်)
မှတ်ချက်။ ။ Team Handball နဲ့ ပတ်သက်လို့ ဒီပို့စ်မှာ ရေးထားတာတွေဟာ ယေဘုယျ အချက်တွေဖြစ်ပြီး ကိုယ်ပိုင်အမြင်တွေ ရောထွေး ပါဝင်နေတယ်။ Handball အကြောင်း အသေးစိတ် သိလိုသူများ http://en.wikipedia.org/wiki/Team_handball နဲ့ http://www.olympic.org/handball မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
လက်ရှိကျင်းပနေတဲ့ လန်ဒန်အိုလံပစ်က Handball ပွဲစဉ်တွေကိုတော့ http://www.london2012.com/handball/ စာမျက်နှာမှာ ဝင်ရောက် ကြည့်ရှုနိုင်မှာပါ။
Jun 20, 2012
Talking about news (သတင်း အတင်းတုတ်ခြင်း)
ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာကို ဖတ်ရင်း အတွေးပေါက် မိတာလေးတွေ ပြန်ရေးချင်ပါတယ်။
ပထမဆုံး နိုင်ငံတကာ သတင်းများ ကဏ္ဍမှာပါတဲ့ “တစ်ကမ္ဘာလုံး လူဦးရေ၏ စုစုပေါင်း ကိုယ်အလေးချိန် သိပ္ပံပညာရှင်များ ခန့်မှန်း ကိုယ်အလေးချိန် လွန်ကဲသူများ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေ” ဆိုတဲ့ သတင်းမှာ မပြုံးဘဲ မနေနိုင် ဖြစ်သွားပါတယ်။
နောက်ဆို ဝတဲ့သူများကို သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသူများ ဆိုပြီး စလို့ ကောင်းသွားပြီလို့ အတွေးပေါက်မိလို့ပါ။ တစ်ဆက်တည်း တစ်ကမ္ဘာလုံး လူဦးရေရဲ့ စုစုပေါင်း ကိုယ်အလေးချိန်ကို တိုင်းတာကြတဲ့ သိပ္ပံပညာရှင်များရဲ့ အတွေးကိုလည်း အံ့သြမိသွားပါတယ်။ မိုက်သဟလို့ မှတ်ချက်ပြုမိပါတယ်။
နောက် သတင်းတစ်ပုဒ်ကတော့ အားကစား သတင်းပါ။ “မြန်မာ ယူ-၂၂ အသင်း အိမ်ရှင် ထိုင်းအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် နိုင်” တဲ့။ ထုံးစံအတိုင်း မြန်မာအသင်း နိုင်ရင်တော့ သတင်းစာမှာ ဖတ်ရမှာပါ ဆိုသလိုပါပဲ။
ဒါပေမဲ့ ဒါဟာ သာမန် ခြေစမ်းပွဲ အားမနာတမ်း ပြောရရင် ထိုင်းက ခေါ်ပြီး ဆိုက်ကို လုပ်တဲ့ပွဲလို့ ထင်ထားတာပါ။ ထင်တဲ့အတိုင်း နောက်ဆုံးရ သတင်းတွေအရ မော်လဒိုက်နဲ့ ကန်တဲ့ နောက်တစ်ပွဲမှာ မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးပါသတဲ့။ အရန်အသင်းနဲ့ ကန်သွားတာလို့တော့ ပြောတာပဲ။ ထိုင်းနဲ့ပွဲတုန်းကရော ထိုင်းတွေ ဘယ်လို ပြောသလဲ သိချင်မိတယ်။ ဘာပဲပြောပြော မနက်ဖြန် သတင်းစာမှာတော့ ရှုံးတဲ့သတင်း ပါမယ် မထင်မိဘူး။
နောက်တစ်ပုဒ်က နောက်ဖုံးမှာပါတဲ့ “ဂီတ အစည်းအရုံးအဖွဲ့ဝင် တစ်ဦးချင်းအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိ၊ အဖွဲ့အစည်း အနေဖြင့်မူ နိုင်ငံရေးအရ အသုံးချခံ မဖြစ်ရအောင် ဂရုပြု” သတင်းပါ။
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းရဲ့ အမှာစကားကနေ ကောက်နုတ် ခေါင်းတင်ထားတာပါ။
ပေါ်လစီကားတို့ ပေါ်လစီသီချင်းတို့ဆိုတာ ဘယ်သူတွေ လုပ်ခဲ့တာလည်း ပြန်တွေးမိပါရဲ့။
နောက်ဆုံးတစ်ပုဒ် အနေနဲ့ မျက်နှာဖုံးက “နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းအား ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရေး အတွက် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြီး သတင်းစာများတွင်လည်း အပြည့်အစုံ ဖော်ပြသွားမည်” ဆိုတဲ့ သတင်းကို မျက်စိကျပါတယ်။
ဟုတ်ပါတယ်။ အပြည့်အစုံလေးနဲ့ တကယ့်ကို အချိန်နဲ့ တစ်ပြေးညီလေး လုပ်သင့်ပါတယ်။ ဒါမှသာ နိုင်ငံတော် သမ္မတရုံး ဝဘ်ဆိုက်ကနေ သတင်း အတည်ပြုချက် ရယူနေရာတာကနေ ပြန်ကြားရေး ဝန်ကြီးဌာန ဆိုက်ကို ပိုအားထားလာနိုင်မှာပါ။ နောက်ပြီးတော့ ဆိုတဲ့အတိုင်း အပြည့်အစုံလေးပေါ့နော်။ ဥက္ကဋ္ဌကြီးကို ပညာပြ လိုက်သလိုတော့ မလုပ်ပါနဲ့။ ဒါက သမ္မတမင်း ခင်ဗျ။
ဤတွင် သတင်းများကို အတင်းတုတ်လို့ ပြီးပါပြီ။
(အော် မျက်နှာဖုံး သတင်းကို နောက်ဆုံးမှ ပြောတဲ့ ကိစ္စလား။ အကျင့်ပါနေပြီဗျ အဟဲ။)
Subscribe to:
Posts (Atom)




