Apr 30, 2012

မုန့်နှပ်

ရုံးမှာ သွားကိုက်လို့ ဆန်ပြုတ်သောက်နေရတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်။ ဒီနေ့ညပဲ သူက ခနောဆန်ပြုတ်ကို ရုံးက  ထောက်ချုပ်ပေးတဲ့ အကြံအတိုင်း ပြုတ်ပါတယ်။ လှော်ပြီးတော့မှ ပြုတ်တဲ့သဘောပါ။

ဒါပေမဲ့ ရုံးက တစ်လုံးချက် ပေါင်းအိုးလေးနဲ့ ဆိုတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သူကလည်း ဆန်ပြုတ်အမှုန့်တွေကို အဲဒီထဲထည့်ပြီး အပူပေးတဲ့ သာသာ လုပ်ပေးတာကို။ မမွှေပေးတော့ တူးခြစ်ပြီး ညော်နံ့ထွက်လာလို့ အမြန်သွားပြီး ပလပ်ဆွဲဖြုတ် လိုက်ရတယ်။

ပြီးမှ သူနဲ့ သူ့ဆန်ပြုတ်အကြောင်း ပြောရင်း မုန့်နှပ်ကို သွားသတိရသွားပါရော။

×××    ×××    ×××    ×××

ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် အဖေ့ဘက်က အဖွားတွေအိမ်မှာ သွားနေရတယ်။ သူတို့က နယ်ဘက်က။ ဆိုတော့ သူတို့ဆီရောက်ရင် ရာသီစာလေးတွေ တောစတိုင် စားရတယ်။ ထမင်းစားရင်တောင် သရက်သီးမှည့်လေးနဲ့ ဆိုတာမျိုး။

အဲဒီမှာ မုန့်နှပ်ကို စတွေ့တာပဲ။

×××    ×××    ×××    ×××

မုန့်နှပ်ဆိုတာက မှတ်မိသလောက် ဆန်ကို နီရောင်လာအောင် လှော်ပြီး ထန်းလျက်ရည်တွေ အုန်းသီးတွေနဲ့ သာကူပုံစံ သောက်စရာ တစ်မျိုးပဲ။ အဖွားတို့ကတော့ ဒါက ဓာတ်စာလို့ ယုံကြည်တယ်။ မုန့်နှပ်က ကလေးတွေနဲ့ တည့်တယ်။ ဝတယ်ပေါ့။ ပုံမှန်ကို တိုက်တာ။

အဲဒီတုန်းက ကျွန်တော်က တောစာကြီးဆိုပြီး တော်တော် မကြိုက်တာပါ။ သုံးလေးဇွန်း သောက်ပြီး ပစ်ထားတာပဲ။ အဘွားကတောင် မုန့်နှပ်မသောက်လို့ ဆူဖူးသေးလား ဝါးတားတားပဲ။

×××    ×××    ×××    ×××

အင်း ခုတော့ အဖွားလည်း မရှိတော့ဘူး။ ကျွန်တော်လည်း အဖေမဆုံးခင် ကတည်းက  အဲဒီအိမ်ကို မရောက်ဖြစ်တာ သုံးလေးနှစ် ရှိပါပြီ။ အားမှပဲ ကြီးကြီး (အဖေ့အစ်မ) ဆီ မုန့်နှပ် သောက်ချင်လိုက်တာလို့ သွားပြောဦးမှပါပဲ။

Apr 17, 2012

သင်္ကြန် အထူးလျှော့ဈေး

Credit - Htoo Tay Zar

သင်္ကြန်အကြတ်နေ့ ဒုတိယရက် ညနေပိုင်းက ကန်တော်ကြီးစောင်းက မဏ္ဍပ်တစ်ခုမှာ မြင်ခဲ့တဲ့ စိတ်မသက်သာစရာ မြင်ကွင်းတစ်ခုရယ်၊ သင်္ကြန်တွင်း Facebook အသိုင်းအဝိုင်းက တင်လာကြတဲ့ သတင်း ဓာတ်ပုံတွေရယ်ကို ကြည့်ပြီး ယနေ့ခေတ် အချို့သော မြန်မာ မိန်းကလေးများဟာ (ပင်ကိုယ်ဗီဇ သဘာဝအလျောက် သိတဲ့) ဈေးရောင်းဈေးဝယ်တောင် မတတ်ကြတော့ပါလားလို့ ထင်မိတယ်။

စကားတစ်ခုလည်း ပြန်အမှတ်ရမိပါတယ်။ ဆယ့်နှစ်ပွဲဈေးသည်တွေ ပြောတာ ကြားဖူးပါတယ်။

"ဟ ခုခေတ်မှာ ဆိုင်ခလုတ်တိုက်တော့မှပဲ ဝယ်သူက လာတာကွ" တဲ့။

ဒါကြောင့် အချိန်လေးများရရင် ကိုယ်သိထားတဲ့ ဈေးကွက်ရှာဖွေ ထူထောင်ခြင်းဆိုင်ရာ သီအိုရီတွေပဲ ခေတ်နောက်ကျ ကုန်ပြီလား ပြန်ဆန်းစစ် ရပါမယ်။ လောလောဆယ်တော့ အလုပ်တစ်ဖက်နဲ့ မအားသေးတာမို့ "အင်း ဒါလည်း သင်္ကြန်အထူးလျှော့ဈေး တစ်မျိုးပဲလား" လို့ တွေးမိနေကြောင်းပါ။

(စာဖြည့်)

"ဒါမျိုး နှစ်တိုင်း ရောင်းနေကျပါကွာ" လို့ အချို့က ပြောကြတယ်။

သေချာတာက ဒီပစ္စည်းတွေဟာ တိုက်ဆွေးလောက်အဆင့် မဟုတ်ဘဲ အထည်လောကအခေါ် "ဆိုက်ပျက်" တွေမို့လို့ အားမပေးချင်ပါနဲ့ဗျာလို့ ပြန်ပြောချင်တယ်။

အချို့က "ကိုယ့်ပစ္စည်း ကိုယ်ရောင်းတာပဲ" လို့ မှတ်ချက်ပြုချင်ကြတယ်။ ကိုယ်ကတော့ "ဗုဒ္ဓဘာသာကောင်း တစ်ယောက်" စာအုပ်ထဲက "မရောင်းအပ်တဲ့ ကုန်ပစ္စည်း ငါးမျိုး" ဆိုလား ယှဉ်စဉ်းစားမိရဲ့။ "လူကုန်ကူးတဲ့ ဈေးကွက်" ဆိုတာလည်း တစ်ချက် အတွေးပေါက် လိုက်သေးတယ်။ ဒါပေမဲ့ "ကြိုက်ရောင်း ကြိုက်ဝယ်" ဆိုတာမျိုး သံသရာ ပြန်လည်လာမှာ၊ ကိုယ့်ဆီမှာလည်း ဒေါသသင့် အတွေးတွေ ဝင်လာမှာ ဆိုးတာမို့ မောဟနဲ့လူအချို့ကိုပဲ သြချမိကြောင်းပါ။

Infographic: Joomla CMS Development Strategy

"အကြံကုန် ရန်ကုန် ဆားချက်" တော့ မဟုတ်ရပါဘူးဗျာ။ ဒီပုံဟာ ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ သတင်းတန်ဖိုးလေး ရှိသေးတယ်။

Apr 8, 2012

The Sign of Myanmar Drama Series?

Update: ဇာတ်ဝင်တေးဆိုတဲ့ အဆိုရှင်နှစ်ယောက်က မြတ်သူကျော်နဲ့ ဝတ်ရည်ထက်လို့ သိရှိရပါတယ်။ ဇာတ်လမ်းတွဲ စပြတဲ့အခါမှာ အချစ်သင်္ကေတလို့ တရားဝင် မြန်မာမှု ပြုပေးထားပါတယ်။


ဇာတ်လမ်းနမူနာ Trailer ကိုကြည့်ရုံနဲ့ ဇာတ်လမ်းထဲမှာ ပါဝင်လာတဲ့ ဇာတ်ကွက်အချို့ကို တင်ကူး ခန့်မှန်း နိုင်စေတာက ဒီ မြန်မာဇာတ်လမ်းတွဲရဲ့ ပထမဆုံး အားသာချက်ဖြစ်ပါတယ်။

တရုတ်အခေါ် “ ရှုံးကျင့်နိုင် ” မြန်မာအခေါ် “ ချစ်ကွဲညား ” ထဲက အမျိုးအစား တစ်ခုခု ဖြစ်နိုင်တယ်လို့ ထင်မြင်ရတာကြောင့် မကြိုက်တဲ့ ပရိသတ်တွေ ကြိုတင် ရှောင်ရှားနိုင်မှာ ဖြစ်သလို မမှတ်သေးတဲ့ ပရိသတ်တွေလည်း မလွတ်တမ်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲထဲက မင်းသားရဲ့ ဇာတ်ကောင်စရိုက်ဟာ ဆရာဝန်ဖြစ်ပြီး ချစ်ရသူ ကောင်မလေး တစ်ယောက်ရယ်၊ တိတ်တခိုးချစ်သူ (မာနကြီးသူစရိုက်) မင်းသမီး တစ်လက်ရယ် ပါဝင်တာကို တွေ့ရတာကြောင့် ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ရှေးရိုး အစဉ်အလာ ကိုရီးယား ဇာတ်လမ်းတွဲများကို ထိန်းသိမ်းထားတယ်လို့ မြင်မိပါတယ်။

အထက်ပါ အချက်ကို ပိုမိုထင်ရှား ပေါ်လွင်စေတာကတော့ ဇာတ်လမ်းတွဲ နမူနာထဲမှာပါတဲ့ “ မင်းသား နင်းလာတဲ့ စက်ဘီးနောက်မှာ မင်းသမီးလေးက လက်နှစ်ဖက် ဆန့်တန်းပြီး ပျော်ရွှင်မြူးတူးစွာ စီးနင်းလာတဲ့ ” အခန်းရယ်၊ “ ကျောခိုင်းထားတဲ့ ဂျူတီကုတ်အပြည့်ဝတ် မင်းသားဆရာဝန်ကို တစ်ဖက်သတ် နောက်ပိုး မင်းသမီးမက နောက်ကနေ အမှတ်မထင် ပွေ့ဖက်လိုက်လို့ မင်းသား အံ့အားသင့်သွားတဲ့ ” အခန်းက ဂန္တဝင် ရိုက်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။



ထို့အတူ “ နှစ်ပေါင်းများစွာက ခိုင်မြဲစွာ တည်ရှိနေခဲ့တဲ့ လျှို့ဝှက်ချက် ” လို့ နမူနာကြော်ငြာမှာ ညွှန်းဆို ထားတဲ့အတိုင်း နန်းဝတ်နန်းစားများနဲ့ အရင်ဘဝက ဖြစ်ရပ်တွေ နောက်ကြောင်းပြန်ပြတဲ့ လူဝင်စားဇာတ် ဆန်ဆန် ဇာတ်ညွှန်း၊ မင်းသမီးအမေ ဇာတ်ကောင်ကက ထုံးစံအတိုင်း အသိခေါက်ခက် အဝင်နက်၊ အပြောဆိုး၊ သဘောထား မှန်ကန်လှတဲ့ လူတွေကို အထင်အမြင်လွဲ ဆိုတဲ့ပုံစံလေးတွေကလည်း မြန်မာဇာတ်လမ်းတွဲ ဆိုတဲ့ ဂုဏ်ကို ပြန်လည် စောင့်ထိန်းထားတာ တွေ့ရမှာပါ။

ဒီနေရာမှာ သမိုင်းကို ပြန်ကြည့်ရင် မြဝတီ ရုပ်သံလိုင်းမှာ ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးခဲ့တဲ့ ပထမဆုံး မြန်မာ ဇာတ်လမ်းတွဲ ဆိုတဲ့ကားဟာလည်း နိုင်ငံခြား သရုပ်ဆောင်တွေ ပါဝင်ပြီး ရာဇဝင် နောက်ကြောင်းပြန် ရိုက်ချက်တွေ ပါဝင်တဲ့ ဇာတ်လမ်းတွဲ တစ်ခုလို့ အောက်မေ့ အမှတ်ရမိပါတယ်။



နည်းပညာပိုင်းအရ နမူနာပြကြော်ငြာ နှစ်ခုကို ကြည့်ရာမှာတောင် Soft Glow Effect တွင်တွင်သုံးပြီး Edit လုပ်ထားတာကို တွေ့ရတာကြောင့် ပရိသတ်တွေ မျက်ရည်ပူမကျဘဲ အကြာကြီး တောက်လျှောက် ကြည့်နိုင်စေမယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ခပ်တုံးတုံးလူတွေက “ အချစ်ရဲ့ သင်္ကေတ ” လို့ မြန်မာမှုပြုကြမဲ့ The Sign of Love လို့ပေးထားတဲ့ မြန်မာဇာတ်လမ်းတွဲ နာမည်က အရှေ့တောင်အာရှနဲ့ တစ်ချို့အာရှနိုင်ငံတွေထက် စာရင် မြန်မာလူမျိုးတွေဟာ လူတိုင်းနီးပါး အင်္ဂလိပ်စကားကို ထမင်းစားရေသောက် ပြောတတ်ကြတယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုး ပြနေသလိုပါပဲ။ ခေတ်ဆန်ဆန် အင်္ဂလိပ်နာမည် ပေးကြတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ အချို့မှာတောင် ပညာဉာဏ် နုံ့နည်းတဲ့ သူ့နိုင်ငံသားတွေ နားမလည်မှာ စိုးရှာလို့ ကိုရီယား နာမည်လည်း ကပ်ကပ်ပါနေတာကို သတိထားမိပါတယ်။



နောက်ဆုံးအနေနဲ့ အယ်လ်ဆိုင်းဇီနဲ့ အခြား အသံမကျက်မိတဲ့ အမျိုးသား အဆိုရှင်တစ်ဦး သီဆိုထားတဲ့ ဒီဇာတ်လမ်းတွဲရဲ့ Theme Song လေးကို လူကြိုက်များနေတာကို တွေ့ရပါတယ် ဆိုတဲ့အကြောင်း။

ဇာတ်ကားနမူနာ - https://www.facebook.com/photo.php?v=343706005686714

ဇာတ်ဝင်တေး - https://www.facebook.com/photo.php?v=338202046237110

(ကျွန်တော်ကတော့ မြန်မာ ဇာတ်လမ်းတွဲဆိုရင် မြန်မာ့ရုပ်မြင်သံကြားက ပြခဲ့ဖူးတဲ့ ဖိုးသောကြာ၊ ရတနာခင်၊ ဗျိုက်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ တောကျကျ ကျန်းမာရေး ပညာပေးကားလေးကိုပဲ ကြည့်ချင်နေမိ ပါသေးတယ်။)

Apr 7, 2012

Joomla! 2.5 Beginner's Guide Free Download

Joomla! 2.5 Beginner's Guide
Joomla! 2.5 Beginner's Guide

Joomla! ကို လေ့လာ အသုံးပြုနေသူတွေအတွက် လက်ရှိ version 2.5.x အကြောင်း ပြည့်ပြည့်စုံစုံ မိတ်ဆက်ရှင်းလင်းထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

စာရေးသူ Hagen Graf ရဲ့ Joomla! 2.5 Beginner's Guide စာအုပ်ဟာ အရင်က ထုတ်ဝေခဲ့ဖူးတဲ့ Joomla 1.6 and 1.7 Beginner's Guide ဆိုတဲ့ စာအုပ်ကို အခြေခံထားပြီး Joomla Community က ဆောင်းပါးကောင်း အချို့ကို ထည့်သွင်းဖော်ပြ ပေးထားတာလည်း တွေ့ရပါတယ်။

စာမျက်နှာ ၂၅၈ မျက်နှာပါဝင်ပြီး သက်ဆိုင်ရာ အခန်းတိုင်းမှာ screenshot, footnote ဝေဝေဆာဆာနဲ့ တင်ဆက်ပေးထားတာကို တွေ့ရပါတယ်။ စာမြည်း ဖတ်ကြည့်မိတဲ့အခါ မသိမဖြစ် Joomla! အလေ့အထလေးတွေနဲ့ တကယ် လက်ဝင်လှတဲ့ အသုံးအချို့အကြောင်း ထည့်သွင်း ရှင်းပြထားတာကို တွေ့ရပါတယ်။

စိတ်ပါဝင်စားသူတွေအတွက် Joomla! 2.5 Beginner's Guide PDF Version ကိုThe Joomla! Community Magazine ဖေဖော်ဝါရီလထုတ် စာအုပ်စင်ကဏ္ဍကနေ အခမဲ့ ရယူနိုင်ပါတယ်။

Download Link: http://magazine.joomla.org/issues/issue-feb-2012/item/677-Joomla-2-5-Beginner-s-Guide

Apr 1, 2012

လူလိုလို နတ်လိုလို ရန်ကုန်နိစ်


အဲဒါ ကြာပြီ။ ကြာလာတော့လည်း ကိုယ့်ဘာသာ သတိထားမိတာပေါ့။ Facebook ပေါ်မှာ Status Message တင်တဲ့ ကိစ္စကို ပြောပါတယ်။

အရင်ကဆို Facebook ပေါ်မှာ Status Update တော်တော် တင်ဖြစ်တယ်။ ပြောရရင် နိစ္စဒူဝ ကိုယ်မြင်တွေ့ ခံစားရတဲ့ အကြောင်းအရာပေါင်း သောင်းပြောင်းထွေလာ ဘာလာလာ Facebook ပေါ် တင်ဖို့ ကုန်ကြမ်းတွေ ဖြစ်နေလေရဲ့။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်။ Facebook Addicted လို့ ခေါ်နိုင်မယ် ထင်ပါရဲ့။ အဲလို ဖြစ်ခဲ့ဖူးတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အလုပ်ကလည်း ဖိစီးရဲ့။ လူမှုဘဝကလည်း ကလူကျီစယ်ရဲ့။ ကျန်းမာရေးကလည်း ထောင်းလေရဲ့။ ဒီလိုနဲ့ Facebook သုံးရတာ တော်တော် မပျော်ပိုက် ဖြစ်လာပြီး ဖတ်သူသက်သက် ဖြစ်မှန်း မသိဖြစ်လာတယ်။ ကိုယ့်အလုပ်တွေထဲက တစ်ခုကလည်း Facebook ပေါ် သတင်းတင်ရတဲ့ အလုပ်ဆိုတော့ Facebook ဆိုတာနဲ့ အလုပ်နဲ့ တွဲတွဲ မြင်လာလို့ ချဉ်လာသလားတော့ မပြောတတ်။

ဘာပဲဖြစ်ဖြစ် လူက အရင်လို မဟုတ်တော့တာတော့ တဖြည်းဖြည်း သတိထားမိလာတယ်။ ဘာရယ်မသိ ပို့တစ်ခု တင်ခါနီးကျရင် အရင်လောက် မသွက်တော့ဘူး။ တောင်တောင်အီအီ လျှောက် စဉ်းစားလာတယ်။ ဒီပို့စ်ဟာ သူ့အကျိုးမရှိ ကိုယ့်အကျိုးမရှိ ပို့စ်မျိုးလား။ ဆရာကြီးတွေက ဝိုင်းဗျင်းကြမဲ့ ပို့စ်မျိုးလား။ ထုတ်မပြောသင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးလား အစရှိသဖြင့်ပေါ့။

ဆိုတော့ လူက အတွေးမရှင်းတဲ့အခါ အရေးမရှင်းတာထက် မရွှင်ဖြစ်လာပြီး နောက်ဆုံး ဘာမှ မရေးဖြစ်တော့တဲ့ အဆင့်ကို ရောက်သွားတယ်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်သုံးသပ်ကြည့်တော့လည်း ကိုယ့်က ပို့စ်တစ်ခု တင်လိုက်လို့ ဝေဖန်တဲ့သူတွေ အကြောင်း ကြိုစဉ်းစားရလောက်အောင် ကိုယ့်လိုလူ ရေးတဲ့စာများ ဂရုတစိုက် ဖတ်တဲ့လူက ဘယ်နှစ်ယောက် ရှိမှာ မို့လို့တုန်း။ အဟဲ ဟုတ်ပ။ (ကိုယ့်မှာ ထပ်တိုးထားတဲ့ ကိုယ့် Facebook မိတ်ဖွဲ့ ပေါ်လစီကြောင့်သာ မဟုတ်ရင် သူငယ်ချင်း မိတ်ဆွေက လက်ချိုးရေလို့တောင် ရနေဦးမယ်။ ထားတော့)

နောက်ပြီး ပို့စ်တစ်ခုတင်တိုင်း ကောင်းနေရအောင်၊ Like နဲ့၊ Comment တွေ တစ်ထောကြီး ရနေရအောင် ကိုယ်က ပညာရှင်လည်း မဟုတ်။  ဘာမှလည်း ဟုတ်တိပတ်တိ မတတ်တဲ့ ဟိုစပ်စပ် ဒီစပ်စပ်သမား လောက်ပါပဲ။

ဆိုတော့ တစ်ရက်မှာ ခေါင်းလေး ကြည်တုန်း ကိုယ့်အခြေအနေ ကိုယ်ပြန်သုံးသပ်ကြည့်မိတော့ ကိုယ်က လူလိုလို နတ်လိုလို ဖြစ်နေပါရော့လား။

ဟုတ်တယ်လေ။ Facebook ဆိုတဲ့ အများသုံး လူမှုကွန်ယက် ဝဘ်ဆိုက်ပေါ်မှာ တစ်ခုခု ရေးတာပဲ။ ပညာရှင် ဆန်နေရမှာလား။ အမြဲမှန်နေရမှာလား။ ဘက်လိုက်ခြင်း Bias ကင်းဖို့ လိုသလား။ လား လား လား။ မေးခွန်းတွေ ထုတ်ပြီး ဆန်းစစ်ကြည့်လိုက်ပါ။

ကိုယ် ခုဖြစ်နေတဲ့ ပုံကတော့ ဘာမှ မမှားအောင် ဘာမှ မလုပ်ဘူး ဆိုသလိုပါပဲ။ ဒါကြောင့် နောက်ဆုံး ဒီလို ကောက်ချက်ချမိတယ်။

ကိုယ်ဟာ လူသားဆန်တဲ့ လူတစ်ယောက်ပဲ ဖြစ်သင့်တယ်။ လူဖြစ်တဲ့အတွက် ချစ်ခြင်း ရှိမယ်၊ မုန်းခြင်း ရှိမယ်။ အကြောင်းတစ်ခုအပေါ် ကြိုက်ခြင်း၊ မကြိုက်ခြင်း ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့် ရှိတယ်။ အဲဒီအခါ အမှန်တွေ ရှိသလို အမှားတွေလည်း ရှိမယ်။ မှန်လို့ ကောင်းလို့ ဝိုင်းချီးမွမ်းရင်လည်း သာယာနေစရာ မလိုသလို မှားလို့ ဝိုင်းဆဲရင်လည်း ဘာအရေးစိုက်စရာလဲ။ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ် သူလည်း သူ့အလုပ် သူလုပ်ပစေပေါ့။ ဟုတ်ဖူးလား အဟဲ။

ဆိုတော့ လူလိုလို နတ်လိုလိုတော့ မလုပ်တော့ဘူးရယ်။ ငါဘာလဲတော့ ကိုယ့်ဘာသာကိုယ် သိဖို့ကောင်းပါရဲ့။