May 4, 2012

ပိုက်ဆံနဲ့ ကျွန်တော်နဲ့ တည့်တယ်

ဟုတ်တယ်။ ပိုက်ဆံနဲ့ ကျွန်တော်နဲ့ တည့်တယ်။

အိတ်ထဲမှာ ပိုက်ဆံ တစ်သောင်းနှစ်သောင်းလောက် ရှိနေရင်ကို စားဝင်အိပ်ပျော် ဆီးဝမ်းသွေးလေ မှန်ပေတယ် အဟဲ။ လက်ထဲ ပိုက်ဆံပြတ်နေလို့ကတော့ အလိုလိုကို ငူငိုင်တွေဝေ နေတတ်လာသလားပဲ။

ကျွန်တော့်အတွက်ကတော့ မိမိကိုယ်ကို စိတ်ချယုံကြည်မှု ပိုရှိလာစေဖို့ ပိုက်ဆံအိတ်ထဲ ပိုက်ဆံ ရှိနေဖို့ လိုသဗျာ။
×××    ×××    ×××    ×××

ဒီရက်ပိုင်း ပရောဂျက်တစ်ခုအတွက် စရံလေး ရထားတော့ လူက ငွေယားကလေး ရှိရင် ဖြစ်တတ်တဲ့အတိုင်း ဟိုဟာ သုံးချင်သလို ဒီဟာ သုံးချင်သလို စိတ်ထဲ ဖြစ်လာတယ်။ ဒါပေမဲ့ တစ်ခုတော့ ထူးထူဆန်းဆန်းပဲ။

အရွယ်လည်း ရလာလို့ ငွေတန်ဖိုး နားလည်လာတယ် ဘာညာတော့ မဆိုချင်ပါဘူး။ စိတ်ထဲတော့ အရမ်းကာရော သုံးမပစ်ချင်တာ အမှန်ပဲ။

နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လက်ထဲ ငွေကလေး တစ်စနှစ်စ ရှိနေမှ ဖြစ်မယ်လို့ တွေးမိတယ်။ ဒီလိုနဲ့ အရင်လို အိတ်သွန်ဖာမှောက် သုံးပစ်ချင်စိတ်တွေကို တော်တော် ချိုးနှိမ်နိုင်လာသဗျ။

×××    ×××    ×××    ×××

ဆိုတော့ ဒီရက်ပိုင်းတော့ နေလို့ထိုင်လို့ တယ်ကောင်းသဗျာ။

အော် ကျွန်တော် ပြောပါရောလား။ ပိုက်ဆံနဲ့ ကျွန်တော်နဲ့ တည့်တယ်လို့။